Pages

Friday, November 25, 2011

ခေါ်သံ

ခေါ်သံ



ဒီနေရာကနေပဲ ရပ်စောင့်ရမလား

ခေါ်သံတွေ ... ခေါ်သံတွေ

တိုးတိုးလေးမှ တဆင့် . .

တဖြည်းဖြည်း ကျယ်လောင်စူးရှ

ရင်တစ်ခုလုံး ဓါးပါးပါးနဲ့ လှီးဖြတ်သွားခဲ့သလို



ဟင့်အင်း ကျွန်တော်မလိုက်ချင်သေးဘူး

ကျေးဇူးပြု၍ ပိတ်ဆို့ထားလိုက်ကြစမ်းပါ

အဲဒီခေါ်သံတွေက ဟိုးဝေးဝေးကလာနေသလိုမျိုး

ခေါင်းလောင်းသံ သဲ့သဲ့လည်းကြားနေရတယ်

ဟော ...နှင်းတွေ နှင်းတွေ တဖွဲဖွဲ ...တသည်းသည်း

အာရုံထဲမှာ မှောင်မိုက်လွန်းနေတယ်



ဘုရားရေ . . . အာရုံ တက်ချိန်မလာသေးဘူး

ခေါ်သံဟာ အနားကို တဖြည်းဖြည်း တိုးကပ်လာခဲ့

ငှက်တွေ ငှက်တွေ အဝေးမှာ ပျံသန်းနေကြဆဲ

ကျွန်တော်လည်း ပျံသန်းချင်လိုက်တာ မေမေ

စိတ်တွေကို ဖွင့် အတွေးတွေကို လွှင့်လို့

ကျွန်တော် နင့်ကနဲ . . . .



တကယ်ပဲ . . .

ကောင်းတာလုပ်ရင်ကောင်းတာဖြစ်ရဲ့လား

ကြိုးစားရင် ပန်းတိုင်ရောက်မယ်တဲ့လား

လောကပါလ တရားတွေလည်း

ကျွန်တော် မယုံကြည်ချင်တော့ဘူးမေမေ

မိုးခါးရေ . . မိုးခါးရေတွေ . .

ကျွန်တော့်ကိုယ်ပေါ်စိုစွတ်လို့ . . . .



သွားကြစမ်းပါ . . .

နားနှစ်ဖက်ကို အစွမ်းကုန်ပိတ်ဆို့လို့

ကျွန်တော် ကဗျာ တစ်ပုဒ်ချရေးလိုက်တယ်

မေမေရေ ကျွန်တော် ပညာတတ်ကြီးမဖြစ်ချင်တော့ဘူး

ခေါ်သံတွေ ကျွန်တော့်ဆီ ရောက်မလာသေးခင်

ဓမ္မတရားမှာ ငြိမ်သက်ဝပ်ဆင်းလို့

လူမသိသူမသိ ကဗျာဆရာလေးဖြစ်ချင်သေးတယ်



လွမ်းနေ

နိုဝင်ဘာ ၂၄

0 comments:

Post a Comment